၂၄.၁.၂၀၂၀ ( နံနက် ၉ နာရီ ၄၉ မိနစ် ) မာတင်စကော့ဆေးဆေး၏ Killers of The Flower Moon ဇာတ်ကားတွင် လီယိုနာဒိုဒီကာပရီယိုနှင့် ရောဘတ်ဒီနီယိုတို့ ပါဝင်မည်


ဒါရိုက်တာ မာတင်စကော့ဆေးဆေးရိုက်ကူးမည့် Killers of The Fower Moon ဇာတ်ကားတွင် ရောဘတ်ဒီနီယိုနှင့် တွဲဖက်သရုပ်ဆောင်မည်ဟု လီယိုနာဒိုဒီကာပရီယိုက SAG ဆုပေးပွဲတွင် အတည်ပြုခဲ့သည်။

အမေရိကန်ဂျာနယ်လစ် ဒေးဗစ်ဂရန်၏ ဝတ္ထုကို အခြေပြုရိုက်ကူးမည့် ယင်းဇာတ်ကား အတွက် သရုပ်ဆောင်များကို ရွေးချယ်ထားပြီးကြောင်း ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း လီယိုနာဒိုဒီကာပရီယိုက ယင်းဇာတ်ကားတွင် ပါဝင်မည့်အကြောင်းကို ပထမဆုံးအကြိမ် ကိုယ်တိုင်အတည်ပြုခဲ့ခြင်းဖြစ်သည်။

စကော့ဆေးဆေး၊ ဒီနီယိုတို့နှင့် ဇာတ်ကားအတူရိုက်ကူးရမှုသည် ၎င်းအတွက် ကံကောင်းမှုဖြစ်သည်ဟု လီယိုနာဒိုက ပြောကြားခဲ့သည်။

လီယိုနာဒိုသည် မာတင်စကော့ဆေး ဆေးရိုက်ကူးသည့် Gangs of New York, The Aviation The Departed, Shutter Island နှင့် The Wolf of Wall Street ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။ ဒီနီယိုနှင့် This Boy’s Life နှင့် Marvin’s Room ဇာတ်ကားတို့တွင်လည်း တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ စကော့ဆေးဆေး ရိုက်ကူးသော ၁၆ မိနစ်သာကြာသည့် ဇာတ်လမ်းတိုရုပ်ရှင် The Audition တွင်လည်း ရောဘတ်ဒီနီယိုနှင့် လီယိုနာဒိုတို့ တွဲဖက်သရုပ်ဆောင်ဖူးသည်။

Killers of the Flower Moon ဇာတ်ကားသည် ဒီနီယိုအတွက် စကော့ဆေးဆေး ရိုက်ကူးမည့်ဇာတ်ကားတွင် ၁၀ ကြိမ်မြောက် ပါဝင်မည့်ဇာတ်ကားဖြစ်သည်။The Irishman ဇာတ်ကားသည် ၎င်းတို့နှစ်ဦး ပူးပေါင်းပါဝင်သည့် နောက်ဆုံးဇာတ်ကားဖြစ်သည်။

၁၉၂၀ ပြည့်လွန်နှစ်များတွင် အိုကလာဟိုးမားပြည်နယ်၊ Osage ကောင်တီရှိ ချမ်းသာကြွယ်ဝသည့် Osage Nation မျိုးနွယ်စုဝင်များ ဆက်တိုက်သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးသည့်အကြောင်းရေးသားထားသည့် Killers of the Flower Moon ဝတ္ထုကို ဇာတ်ကားရိုက်ကူးရန် Imperative Entertainment ၂၀၁၆ ခုနှစ်တွင် မူပိုင်ခွင့် ဝယ်ယူခဲ့သည်။ Killers of the Flower Moon ဇာတ်ကားအတွက် ဇာတ်ညွှန်းကို A Star is Born ဇာတ်ကား၏ ဇာတ်ညွှန်းဆရာ အဲရစ်ရို့သ်က ရေးသားမည်ဖြစ်သည်။

ယင်းဇာတ်ကားကို အိုကလာဟိုးမား၌ မတ်လတွင် စတင်ရိုက်ကူးမည်ဟု စကော့ဆေးဆေး၏ ရုပ်ရှင်အတတ်ပညာရှင် Rodrigo Prieto က ပြောကြားခဲ့သည်။

Comments